သရုပ်ဆောင် ဖွေးဖွေးဟာ ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ရုပ်ရှင်ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုရွေးချယ်ရာမှာ ဖွေးဖွေးပါဝင် သရုပ်ဆောင်ထားတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး နဲ့ ရွှေကြာရုပ်ရှင်ဇာတ်ကားကြီး တို့ဟာ ဆန်ကာတင်စာရင်းကို ပါဝင်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဖွေးဖွေးဟာ မုန်းစွဲနဲ့လည်း အကယ်ဒမီရနိုင်သလို ရွှေကြာနဲ့လည်း အကယ်ဒမီ ရနိုင်တယ်လို့ ကြိုတင်ခန့်မှန်းပေးထားကြပြီးသားပါ။ အခုဆိုရင်တော့ ဖွေဖွေးဟာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးထဲက ရွှေကြာဇာတ်ရုပ်နဲ့ အကောင်းဆုံးအမျိုးသမီး ရုပ်ရှင်ဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါပြီ။ ဒီဇာတ်ကားထဲမှာဖွေးဖွေးဟာ ကံအကြောင်းမလှလို့ ရွှေကြာလုပ်ရတဲ့ဘဝမှာ နေပုံထိုင်ပုံတွေ နဲ့ မိမိနေထိုင်ရာကျူးကျော်ရပ်ကွက်မှာ နေပုံထိုင်ပုံတွေကို မတူကွဲပြားအောင် လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ အပြင်လက်တွေ့က ရွှေကြာရဲ့ ဘဝကိုလည်း ဇာတ်လမ်းဇာတ်အိမ်ထဲမှာ အပိုအလိုမရှိ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဖွေးဖွေးဟာ ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ရုပ်ရှင်ဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တယ်လို့ ယူဆမိပါတယ်။ ဖွေးဖွေးဟာ ၂၀၁၂ ခုနှစ်မှာ လက်ပံဇာတ်ကားဖြင့် ပထမအကြိမ်၊ ၂၀၁၅ ခုနှစ်မှာ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားဖြင့် ဒုတိယအကြိမ် နဲ့ အခု ၂၀၁၈ ခုနှစ်မှာရရှိတဲ့ ရွှေကြာဇာတ်ကားဟာ သူမအတွက် တတိယအကြိမ်ဆွတ်ခူးရရှိတဲ့ အကယ်ဒမီပဲဖြစ်ပါတယ်။ အသက်အရွယ်နုနယ်သေးသော်လည်း အနုပညာလျှောက်လမ်းမှာ အကယ်ဒမီများစွာ ရရှိနေပြီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးအတွက် Channel X Online TV က ပရိသတ်တွေနဲ့ ထပ်ထူ အင်မတန်မှ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်ရှင်။

Related