သရုပ်ဆောင် ကျော်ကျော်ဗိုလ်ဟာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားရုပ်ရှင်ဇာတ်ပို့ဆုကို ထိုက်တန်စွာရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ပရိသတ်တွေ ခန့်မှန်းရင်ခုန်ထားတဲ့အတိုင်း ကျော်ကျော်ဗိုလ်ဟာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ရုပ်ရှင်ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဒီဇာတ်ကားကြီးထဲမှာ ကျော်ကျော်ဗိုလ်ဟာ ''ဖိုးအောင်'' ဇာတ်ရုပ်နဲ့ ဒီဇာတ်ကားကို အကောင်းဆုံးရောက်အောင်ပို့ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ခြေထောက်ရိုက်ချိုးခံထားရတဲ့ ဒဏ်ရာနဲ့အတူ တစ်ချိန်က မိမိရန်သူများဝင်စားနေတဲ့ မိမိရဲ့ သားနှစ်ယောက်ကို နားကြည်းမုန်းတီးတဲ့ သရုပ်ဆောင်ချက်တွေဟာ ပီပြင်လွန်းလှတဲ့အတွက် အကယ်ဒမီရွှေစင်ရုပ်ထုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တယ်လို့ မြင်မိပါတယ်။ ဒီဆုဟာ ကျော်ကျော်ဗိုလ်အတွက်တော့ အနုပညာသက်တမ်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ဆွတ်ခူးရရှိတဲ့ တန်ဖိုးရှိလှတဲ့ဆုတစ်ခုလည်းသလို သူ့ရဲ့ ဝမ်းသာပီတိ ကျေးဇူးတင်စကားကိုလည်း ကျော်ကျော်ဗိုလ်က အခုလိုပဲဆိုပါတယ်။
"ကျွန်တော့်ကို တစ်နိုင်ငံလုံးကနေပြီးတော့ ဒီဆုမရသေးဘူး ကျွန်တော့်ကိုအားပေးပြီးတော့ဆုတောင်းပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်။ ဒီနှစ်က ကျွန်တော့်ရဲ့ ဖန်တီးမှုအနုပညာနဲ့ ပရိသတ်သတ်ရဲ့ ခံစားမှုအနုပညာ ထပ်တူကျတယ်လို့ ကျွန်တော်ထင်ပါတယ်။ ယူဆပါတယ်။ ပီတိဖြစ်ပါတယ်။ ကျွန်တော်တောင် ဘုရားမှာ အဲ့လောက်တောင် ဆုမတောင်းမိပါဘူး ကျွန်တော်ဒီဆုကြီးပိုင်ဆိုင်ရပါလို၏လို့။ ကျွန်တော့်ပရိသတ်တွေက ကျွန်တော့်ထက်ပိုပြီးဆုတောင်းနေပါတယ်။ အဲ့တော့ တစ်နိုင်ငံလုံးက ပရိသတ်တွေကို ကျွန်တော်အရမ်းချစ်ပါတယ်ခင်ဗျာ။ ကျေးဇူးလည်း အများကြီးတင်ပါတယ် ခင်ဗျာ'' လို့ ကျေးဇူးတင်စကားပြောပါတယ်။ အခုလို အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိသွားတဲ့ အကယ်ဒမီ ကျော်ကျော်ဗိုလ်တစ်ယောက်လည်း ယနေ့အကယ်ဒမီမှသည် နောင်ဆက်လျှောက်လှမ်းမယ့် အနုပညာဘဝလမ်းတွေမှာ အောင်မြင်မှုတွေ ထပ်လောင်းပိုင်ဆိုင်နိုင်ပါစေလို့ Channel X ပရိသတ်တွေနဲ့အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Related