သရုပ်ဆောင် ခိုင်နှင်းဝေက ခိုကိုးရာမဲ့ဖြစ်နေတဲ့ သားလေး(၃)ယောက်ကို အပြီးပိုင်မွေးစား လိုက်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေက ချစ်တဲ့အနုပညာအလုပ်တွေလည်းလုပ်သလို ပရဟိတလုပ်ငန်း တွေကိုလည်းစွမ်းစွမ်းတမံ တာဝန်ကျေစွာ လုပ်ဆောင်ဆောင်နေသူ တစ်ဦးပါ။ ပရဟိတနဲ့ ပတ်သက်တဲ့ဆုတွေကိုလည်း နိုင်ငံတော်က သူမအတွက် ချီးမြှင့်ထားပါသေးတယ်။ ချစ်တဲ့ ပရိသတ်တွေက ပရဟိတ မင်းသမီးလေးကို တင်စားခေါ်ကြတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေဟာ အခုဆိုရင် ခိုကိုးရာမဲ့ဖြစ်နေတဲ့ မွေးကင်းစအရွယ် သားလေး(၃)ယောက်ကို အပြီးပိုင်မွေးစားလိုက်တယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားလာပါတယ်။
“ကျွန်မ ထံသို့ ရောက်ရှိလာတဲ့ ပန်းရိုင်းလေး 3ပွင့် (သို့) သားလေးသုံးယောက်။ ခိုကိုးရာမဲ့ ကလေးတွေကို ကျွန်မ ရင်ခွင်ထဲမှာ ခေါ်ယူစောင့်ရှောက်လိုစိတ်ပြင်းပြလွန်းလို့ ဘုရား က လက်ဆောင် အနေနဲ့ ဒီနေ့ သားလေး သုံးယောက်ကို ကျွန်မရင်ခွင်ထဲအရောက် ပို့ပေးလိုက်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင်။ ကျွန်မ ကလေး တွေကို နေစရာအိမ်လေးတလုံးနဲ့ သူတို့လေးတွေ ဘဝမှာ အားငယ်စိတ်တွေမဖြစ်ရအောင် ကျွန်မ အားအင်ပေးချင်စိတ်နဲ့ သူတို့လေးတွေ အတွက် နေစရာလေးဖြစ်ပေါ်လာအောင် ကြိုးစားနေချိန်မှာပဲ ကျွန်မမေတ္တာမှန်လို့ ကလေးလေး တွေ ကျွန်မလက်ထဲရောက်လာခဲ့ပြီ။ (အူဝဲ) အဲ့ဒီအသံလေးက ကျွန်မ နားထဲမှာတော့ အမေ သားတို့တွက် ပိုကြိုးစားပေးပါလို့ ပြောနေသယောင် ကြားယောင်မိလို့ အမေ သားတို့အတွက် ကြိုးစားပါ့မယ်လို့ ကတိပေးခဲ့တယ်။ အဲ့ကတိအတိုင်း မေမေ့ သားလေးတွေ လူမှန်းသိတတ်စအရွယ်မှာ မိဘမဲ့ ဆိုတာထက် ငါတို့အမေက ခိုင်နှင်းဝေ ဆိုတာမျိုးဖြစ်လာအောင် အမေ အားတွေမွေးထားပါတယ်။ သားလေးတွေ နေဖို့ အမေ အိမ်လေးတလုံးဆောက်နိုင်အောင် သားလေးတို့ကို ပညာတက်ကြီးဖြစ်အောင် ကျောင်းထားနိုင်အောင် သားလေးတို့ ဆာလောင်မှုဒဏ်ကို မခံစားရခင် အမေ ကျွေးနိုင်အောင် ရှိတဲ့အားတွေနဲ့ အားတင်းပြီး ရှေ့ဆက်နေတယ်နော်။ အမေ့မေတ္တာ တွေကြောင့် သားလေးတို့ ဘဝတလျှောက်လုံး အေးချမ်းနေမှာ ယုံကြည်လျှက်” လို့ ခိုင်းနှင်းဝေက ရေးသားလာပါတယ်။
မွန်မြတ်တဲ့စိတ်ထားလေးနဲ့ မိခင်စိတ်အပြည့်ရှိတဲ့ပါရမီရှင်တစ်ယောက်ဖြစ်တဲ့အတွက် မခိုင်နှင်းေ၀ လည်းဒီထက်မကအောင်မြင်ပါစေလို့ Channel X မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်။

Related